ရေလိုအေး၍ပန်းလိုမွှေးကြပါစေ….

Friday 23 December 2011

အဖွါးကဗျာအပိုင်း(၃)


အဖွားဘ၀ရဲ့ ရေဆူမှတ်
လူနတ်ဗြဟ္မာ သတ္တ၀ါများ၊
ကောင်းကျိုးပွားဖို့ ဘုရားသာသနာ ပွင့်ထွန်းလာ၏။
သတ္တ၀ါဝေနေ ချမ်းသာစေဖို့၊
တရားရတနာ ထွန်းလင်းလာ၏။
လူသူအများ ကုသိုလ်ပွါးရာ၊
သံဃာရတနာ ပေါ်ပေါက်လာ၏။
ရတနာသုံး အမြတ်ဆုံးကို၊
အဆုံးစွန်ရောက် မျက်မှောက်ထင်ထင်၊
ဖူးမြင်ခွင့်ရ ဒုလ္လဘတည်း။
ရွှေငွေဥစ္စာ ရတနာထက်၊
ထူးမြတ်ဆကဲ လွန်ရခဲစွ၊
သာသနာ့အမွေ အမြုတေမျိုးစစ်၊
ကုသိုလ်စစ်ကို ရှင်ချစ်မြတ်စွာ၊
သာသနာဝယ် လက်ဝယ်ပိုင်ပိုင်၊
ရရှိနိုင်စေ ထွေထွေဆရာ၊
မြတ်သံဃာများ မိန့်ကြားဆုံးမ၊
သြ၀ါဒဖြင့် လမ်းပြသွန်သင် သိစေချင်သည်၊
ဘ၀င်ချမ်းမြ အဖွားဘ၀။…..။
ဗုဒ္ဓရက္ခိတ ၀ိဟာရခေါ်၊
ဘုန်းတော်ကြီးကျောင်း ဆရာကောင်းထံ၊
တောင်းပန်လျှောက်ထား မိမိသားကို၊
ဘုရားသားတော် ဦးခိုက်မျှော်ဖူး၊
ကြည်နူးလျက်သာ ရှစ်ဖြာစုံစွာ ပရိက္ခရာဖြင့်၊
သာမဏေဘ၀ ပဗ္ဗဇ္ဇအမွေ ရယူစေ၏။…
မိမိကိုရင် စာသင်ထွက်ရာ၊
ထက်အောက်ရွာသွား နေရာများဆီ၊
ခါသင့်ညီလျှင် ခရီးနှင်၍၊
အိမ်တွင်စုဆောင်း ငါးခြောက်ထောင်းကြော်၊
ပဲလှော်လက်ဖက် ငါးပိချက်စုံစွာ၊
စားစရာများ ယူဆောင်သွားကာ၊
စာသင်တိုက်နေ သာမဏေသို့၊
ဖူးမျှော်လို့သာ သုံးဖြာသဒ္ဓါ၊
ပြဋ္ဌာန်းကာလျှင် သံဃာရည်စူး၊
ကုသိုလ်ထူးကို ကြည်နူးဝမ်းသာ လှူဒါန်းပါ၏။….
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်၍၊
ပိတောက်ပွင့်ဖူး အတာကြူးရာ၊
လတန်ခူးမှာလဲ ရွာသူရွာသား စုပေါင်းအားဖြင့်၊
အများကောင်းမှု တည်ထားပြုပြန်၊
ကမ္ဘာ့ရန်အောင် ထွန်းပြောင်နာမ၊
ဗုဒ္ဓကိုယ်စား ရွာဘုရားတွင်၊
ထီးတော်မင်္ဂလာ တင်လှူပါ၏။….
ဘိုးဘွားစဉ်ဆက် တန်ဘိုးတက်နေ၊
သမ္ဗာန်လှေကို ငွေစရှစ်ရာ၊
အသပြာနှင့် ရောင်းကာလှဲလှယ်၊
ပရိက္ခရာဝယ်ပြီး ချစ်မငြီးသည့်၊
မိမိ၏မြေး ထိုကလေးကို၊
ဗုဒ္ဓလိုကျ သာသနာ့အမွေ ခံယူစေ၏။…..
သာသနာ့အမွေ အမြုတေကို၊
ယူစေယုံမျှ အားမရပြန်၊
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊
ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း၊
 တစ်ဖုံဆင်းကွဲ သူ့တစ်နည်းဖြင့်၊
 ဖောက်လွဲတတ်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မျှော်ထောက်ရှု့ငြား  ခွဲခြားစိပ်ဖြာ၊
ဆရာနည်းကျ ကောင်းစွာရအောင်၊
ဓမ္မသာလာ မြတ်ရိပ်သာတွင်၊
ခါခါဝင်လျက် သဒ္ဓါထက်သန်၊
ပြင်းထန်လုံ့လ စွမ်းထာမဖြင့်၊
ဝိပဿနာ ဘာဝနာဟု ပုညကုသိုလ်၊
တရားကိုယ်အစစ် ကုသိုလ်နှစ်ကို
မဖြစ်မနေ ရယူလေ၏။….
ဝိပဿနာ ပညာမျိုးစေ့၊
ကျဲလေ့စိုက်ပျိုး ကုသိုလ်မျိုးကို၊
မိမိကိုယ်တိုင် အပိုင်သိမ်းခြုံ၊
ရယူယုံမျှ အားမရပဲ၊
ရွာထဲနီးစပ် ဆည်းကပ်သူများ၊
လူအများ၏ ဆန္ဒရှိရာ၊
မိတ်သဟာကို ထိုထိုဌာန၊
တရားပြရာ ကျောင်းဝိဟာ၌၊
အတူလိုက်ကာ ခန္ဓာဥာဏ်ရာက်၊
တရားပေါက်အောင် ပို့ဆောင်ပေးငြား၊
ရှု့နည်းများကို မိမိလိုပင် ရစေချင်၏။…
ရှစ်ဆယ်လွန်မြောက် ကိုးဆယ်ရောက်ရာ၊
ယခုခါတိုင် မယိုင်သတိ၊
မှတ်ဥာဏ်ရှိဆဲ အသိမြဲမို့၊
ကျောင်းသို့ခုတိုင် မလှမ်းနိုင်၍၊
ဥပုသ်နေ့တွင် ငယ်စဉ်တောင်ကျေး၊
ကလေးလေးက ဘုရားနှင့်ကင်း၊
တရားဝေးသူ ရွာနေလူတို့၊
ကြည်ဖြူရွှင်ပျော် အရတော်အောင်၊
ကြံဆောင်စီစဉ် ကိုယ့်အိမ်တွင်ပင်၊
ရှစ်ထွေသီလ ခံယူကြကာ၊
နေ့လည်စာပေး ဖိတ်ကာကြွေးလျက်၊
တီဗွီစက်ဖြင့် ထိုက်သင့်တရား၊
နာကြားစေလို နာစေလို၏။…
တရားနာရင်း နားမရှင်းသူ၊
ထိုထိုလူများ တရားသားကို၊
သိလိုတစ်ဖန် မေးမြန်းပြန်က၊
ဘ၀တစ်ကွေ့ သူကြုံတွေ့ထား၊
သုတများနှင့် ဖြေကြားသည်မှာ၊ အခါခါတည်း။
 နည်းယူမကုန်၊ ဂုဏ်ယူထိုက်စွာ့ အဖွားဘ၀။…….


Wednesday 9 November 2011

အဖွါးကဗျာအပိုင်း(၂)

အဖွားဘ၀ရဲ့တစ်ဆစ်ချိုး
လေးရပ်လေးပြင် ဒေသခွင်မှ၊
ရောက်လာကြသူ ထိုထိုလူဝယ်၊
အရွယ်လည်းစုံ လူလည်းစုံမို့၊
အဖုံဖုံလူသိုက် စရိုက်ကွဲပြား၊
လူအများတွင် အစားအနေ၊
ဟော့ရမ်းလေ၍ များထွေလူများ၊
ဖြစ်ပွါးခဲ့ရ ဒုက္ခများစွာ၊
ပြည်တော်သာ ကျောက်ရောဂါကပ်…….။

တက်တက်ကြွကြွ အားမာန်ပြလျက်၊
တွဲလက်စုံညီ ရှေ့သို့ချီ၍၊
တစ်စိတ်တစ်ဝမ်း ပြည့်လုပ်ငန်းတွင်၊
ရာဇ၀င်မျိုး မော်ကွန်းထိုးရန်၊
ကြံကာရှိသေး ထိုကပ်ဘေးကြောင့်၊
ကလေးကိုတွဲ အထုပ်ဆွဲကာ၊
ပြေးကာရှောင်ပုန်း အပြုံးကွယ်ပျောက်၊
အဆုံးရောက်ခဲ့ရသော၊
ပြည်တော်သာစီမံကိန်းကာလ…….။
ကံကြမ္မာဆိုး ပါပမိုးက၊
အငြိုးကြီးစွာ နှိပ်စက်လာ၍၊
ပြည်သာမှခွါ ဝေးရပ်ရွာသို့၊
ပြောင်းလို့ပြေးရ  ထိုကာလမှ၊
စ၍သန္ဓေ အခြေတည်စ၊
ဒုက္ခစခန်း ထွက်လှမ်းလွန်ခိုက်၊
လမိုက်လွန်မြောက် လဆန်းရောက်စ၊
လှိုင်းထငြိမ်သက် အေးချမ်းလျက်က၊
ဘ၀များစွာ  ငြိမ်းချမ်းသာသော၊
ဘ၀အမောတို့ ပြေကာစ…….။
အလှသဘောတို့ ဝေကာစ…..။ ။
ပြည်တော်သာမှ စ၍ထွက်ခွါ၊
ကြပန်းရွာပြောင်း နေရာကောင်းမှာ၊
မြေယာကိုရှင်း ကြမ်းခင်းဝါးအိမ်၊
တိတ်ဆိတ်ငြိမ်လျက် အိမ်နှင့်အနီး၊
မြေကျင်းကြီးမှာ ဗုန်းခိုစရာ ဖြစ်လို့သာမို့၊
ရောင်စုံသူပုန်တို့ရှိသေး၏။……
ထမင်းထုပ်ပြင် ရွာတောခွင်သို့၊
ဟင်းလျှင်ငါးပိ တောင်းထဲထည့်လျက်၊
ဝမ်းတွက်ရိက္ခာ ခေါင်းရွက်ကာဖြင့်၊
တောင်ယာစခန်း နေ့စဉ်လှမ်းရ အဖွားဘ၀…….။
ညချမ်းနေ၀င် လမ်းမမြင်မှ အိမ်ပြန်ရသည်၊ အဖွားဘ၀ ခါးသီးလှ။……….။
ရှင်သန်ဖို့ရေး အဖွားတွေးရင်း၊
ချွေးကိုရင်းပြု ရိက္ခာစုဆောင်း၊
သောင်းကြမ်းသူများ လှုပ်ရှားနေဆဲ၊
တိုက်ပွဲတွေဖြစ် ဗုံးကျည်ပစ်သွင်း၊
ကတုတ်ကျင်းမှာ ၀င်ကာရှောင်ပြေး၊
အိပ်ရေးမ၀ နိုးကြားရ…….။
အဖွားဘ၀  ရုန်းကန်ရ……။
အော်…အခုတော့ဆို၊
ဆွမ်းအိုးကိုရွက် ကျောင်းဘက်လှည့်ကာ၊
ဆွမ်းဟင်းလျာချက် မပျက်ကွက်အောင်၊
ဆက်လက်လှူဒါန်း အဖွားဝမ်းသာ၊
ရောင်ခြည်ဖြာစ အဖွားဘ၀…..။

ဒါနထိုထို ကုသိုလ်ပုည၊
အရယူကာ ကိုယ့်တွက်တာမို့၊
ဝါတွင်းကာလ သမယရှိ၊
ထူးမြတ်သည့်နေ့  မမေ့စုံညီ၊
ရှစ်ဖြာသီလ ခံယူကြသည်၊
ဘ၀ဓမ္မ စွယ်စုံရအောင်၊
ဗုဒ္ဓဟောဖော် တရားတော်နှင့်၊
နာခွင့်ကြုံရ ရခဲလှ ဒုလ္လဘချိန်ကာလ…..။
ကြာပန်းခေါ်မှတ် သမုတ်အပ် ထူးမြတ်ရပ်ဒေသ…..။

လောကတစ်ခွင်ဘုံအပြင်ဝယ်၊
ဗုဒ္ဓ ဗုဒ္ဓ နှုတ်ကအသံ၊
ကြားဖို့ရန်မှာ ဒုလ္လဘာမို့၊
မြင်သာထုတ်ပြ ဗုဒ္ဓဟောကြား မြတ်တရားကို၊
နာကြားဖို့ရာ ခက်ခဲပါ၏။
ဗုဒ္ဓသားတော် ရဟန်းတော်ကို၊
ဖူးမျှော်တွေ့ကြုံ တွေ့ဆုံနာကြား အခက်သားတည်း။…….။
ကျောင်းလဲမနေ စာပေမတတ်၊
ဘ၀ဇာတ်ဆရာ သူလိုရာမို့၊
နုံချာဆင်းရဲ ဘ၀ထဲမှ၊
ရှေးကဆည်းပူး ကုသိုလ်ထူးလျက်၊
မပျက်မကွက် နိုးဆော်ချက်က၊
ဒုလ္လဘတွင် အထွတ်တင်ဘိ၊
ရခဲသည့်အရာ ရတနာသုံး အမြတ်ဆုံးကို၊
နှလုံးစိတ်မှာ အခွင့်သာစွ သူဖူးရ၏။
အခွင့်သာစွ သူနာရ၏။…
ဂုဏ်ယူထိုက်ပါ့ အဖွားဘ၀…….။
ပြည်သာမှထွက် ဆထက်ကဲတိုး၊
ကုသိုလ်မျိုးတို့ ကြဲချဖို့ရာ၊
ကြာပန်းရွာဆီ သူလှမ်းချီခဲ့။
အမည်ခေါ်ပြု သုံးအိမ်စုရပ်၊
လူ့ရပ်ခန်းဝါ နေရာယူဘိ၊
ဘူမိနက်သန် နေရာမှန်သော၊
မြေယာတောကို အဆောလျင်စွာ၊
ရှင်းကာသုတ်သင် ပေါင်းမြက်ပင်ဝေး၊
အိမ်ကလေးနှင့် အေးဆေးလှပ အဘွားဘ၀။….
တရားမသိ ဒိဋ္ဌိအယူ၊
အမူကင်းချို့ သူ့ဘို့ကိုယ်အား၊
စီးပွါးမရှု ခုဝတ္တမာန်၊
ပစ္စုပ္ပန်ဝယ် နောင်ဖန်ကောင်းပြု၊
မကောင်းမှုကို ပြုမည်သာပ၊
အားထုပ်ကြသည့် ဗာလခေါ်ထိုက်၊
လူသူမိုက်ကို အတုလိုက်ယှဉ်တွဲ မမှီဝဲအပ်။….
ငရဲရှောင်ခွါ ပြိတ္တာကင်းဖွယ်၊
အပါယ်ကင်းလွတ် လူနတ်နိဗ္ဗာန်၊
သုံးတန်ချမ်းသာ ရရာမှတ်သိ၊
 မြတ်ဥာဏ်ရှိသား ကြီးမားအသိ၊
ပညာရှိကို မှီဝဲခိုကြ၊
ဘ၀အတွက် တန်ဘိုးထွက်မည့်၊
ခုတွက်နောင်ပါ သံသရာတွင်၊
ချမ်းသာပွါးမှု မိမိသူတစ်ပါး၊
အကျိုးများကြောင်း အပေါင်းဓမ္မ၊
ဒါနသီလာ ဘာဝနာတရား၊
ဘုရားဟောလှစ် တရားစစ်ကို၊
ခြေမြစ်ကျန ဓမ္မလမ်းစဉ်၊
လျှောက်စေချင်သား တတ်အားသရွေ့၊
ညနေ့မဟူ သူပေးလှူ၏။
ချိန်ရှိသရွေ့ ညနေ့မခြား၊
ရွာသားရွာသူ နည်းယူထိုက်စွ အဖွားဘ၀။……..