ရေလိုအေး၍ပန်းလိုမွှေးကြပါစေ….

Friday 23 December 2011

အဖွါးကဗျာအပိုင်း(၃)


အဖွားဘ၀ရဲ့ ရေဆူမှတ်
လူနတ်ဗြဟ္မာ သတ္တ၀ါများ၊
ကောင်းကျိုးပွားဖို့ ဘုရားသာသနာ ပွင့်ထွန်းလာ၏။
သတ္တ၀ါဝေနေ ချမ်းသာစေဖို့၊
တရားရတနာ ထွန်းလင်းလာ၏။
လူသူအများ ကုသိုလ်ပွါးရာ၊
သံဃာရတနာ ပေါ်ပေါက်လာ၏။
ရတနာသုံး အမြတ်ဆုံးကို၊
အဆုံးစွန်ရောက် မျက်မှောက်ထင်ထင်၊
ဖူးမြင်ခွင့်ရ ဒုလ္လဘတည်း။
ရွှေငွေဥစ္စာ ရတနာထက်၊
ထူးမြတ်ဆကဲ လွန်ရခဲစွ၊
သာသနာ့အမွေ အမြုတေမျိုးစစ်၊
ကုသိုလ်စစ်ကို ရှင်ချစ်မြတ်စွာ၊
သာသနာဝယ် လက်ဝယ်ပိုင်ပိုင်၊
ရရှိနိုင်စေ ထွေထွေဆရာ၊
မြတ်သံဃာများ မိန့်ကြားဆုံးမ၊
သြ၀ါဒဖြင့် လမ်းပြသွန်သင် သိစေချင်သည်၊
ဘ၀င်ချမ်းမြ အဖွားဘ၀။…..။
ဗုဒ္ဓရက္ခိတ ၀ိဟာရခေါ်၊
ဘုန်းတော်ကြီးကျောင်း ဆရာကောင်းထံ၊
တောင်းပန်လျှောက်ထား မိမိသားကို၊
ဘုရားသားတော် ဦးခိုက်မျှော်ဖူး၊
ကြည်နူးလျက်သာ ရှစ်ဖြာစုံစွာ ပရိက္ခရာဖြင့်၊
သာမဏေဘ၀ ပဗ္ဗဇ္ဇအမွေ ရယူစေ၏။…
မိမိကိုရင် စာသင်ထွက်ရာ၊
ထက်အောက်ရွာသွား နေရာများဆီ၊
ခါသင့်ညီလျှင် ခရီးနှင်၍၊
အိမ်တွင်စုဆောင်း ငါးခြောက်ထောင်းကြော်၊
ပဲလှော်လက်ဖက် ငါးပိချက်စုံစွာ၊
စားစရာများ ယူဆောင်သွားကာ၊
စာသင်တိုက်နေ သာမဏေသို့၊
ဖူးမျှော်လို့သာ သုံးဖြာသဒ္ဓါ၊
ပြဋ္ဌာန်းကာလျှင် သံဃာရည်စူး၊
ကုသိုလ်ထူးကို ကြည်နူးဝမ်းသာ လှူဒါန်းပါ၏။….
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်၍၊
ပိတောက်ပွင့်ဖူး အတာကြူးရာ၊
လတန်ခူးမှာလဲ ရွာသူရွာသား စုပေါင်းအားဖြင့်၊
အများကောင်းမှု တည်ထားပြုပြန်၊
ကမ္ဘာ့ရန်အောင် ထွန်းပြောင်နာမ၊
ဗုဒ္ဓကိုယ်စား ရွာဘုရားတွင်၊
ထီးတော်မင်္ဂလာ တင်လှူပါ၏။….
ဘိုးဘွားစဉ်ဆက် တန်ဘိုးတက်နေ၊
သမ္ဗာန်လှေကို ငွေစရှစ်ရာ၊
အသပြာနှင့် ရောင်းကာလှဲလှယ်၊
ပရိက္ခရာဝယ်ပြီး ချစ်မငြီးသည့်၊
မိမိ၏မြေး ထိုကလေးကို၊
ဗုဒ္ဓလိုကျ သာသနာ့အမွေ ခံယူစေ၏။…..
သာသနာ့အမွေ အမြုတေကို၊
ယူစေယုံမျှ အားမရပြန်၊
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊
ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း၊
 တစ်ဖုံဆင်းကွဲ သူ့တစ်နည်းဖြင့်၊
 ဖောက်လွဲတတ်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မျှော်ထောက်ရှု့ငြား  ခွဲခြားစိပ်ဖြာ၊
ဆရာနည်းကျ ကောင်းစွာရအောင်၊
ဓမ္မသာလာ မြတ်ရိပ်သာတွင်၊
ခါခါဝင်လျက် သဒ္ဓါထက်သန်၊
ပြင်းထန်လုံ့လ စွမ်းထာမဖြင့်၊
ဝိပဿနာ ဘာဝနာဟု ပုညကုသိုလ်၊
တရားကိုယ်အစစ် ကုသိုလ်နှစ်ကို
မဖြစ်မနေ ရယူလေ၏။….
ဝိပဿနာ ပညာမျိုးစေ့၊
ကျဲလေ့စိုက်ပျိုး ကုသိုလ်မျိုးကို၊
မိမိကိုယ်တိုင် အပိုင်သိမ်းခြုံ၊
ရယူယုံမျှ အားမရပဲ၊
ရွာထဲနီးစပ် ဆည်းကပ်သူများ၊
လူအများ၏ ဆန္ဒရှိရာ၊
မိတ်သဟာကို ထိုထိုဌာန၊
တရားပြရာ ကျောင်းဝိဟာ၌၊
အတူလိုက်ကာ ခန္ဓာဥာဏ်ရာက်၊
တရားပေါက်အောင် ပို့ဆောင်ပေးငြား၊
ရှု့နည်းများကို မိမိလိုပင် ရစေချင်၏။…
ရှစ်ဆယ်လွန်မြောက် ကိုးဆယ်ရောက်ရာ၊
ယခုခါတိုင် မယိုင်သတိ၊
မှတ်ဥာဏ်ရှိဆဲ အသိမြဲမို့၊
ကျောင်းသို့ခုတိုင် မလှမ်းနိုင်၍၊
ဥပုသ်နေ့တွင် ငယ်စဉ်တောင်ကျေး၊
ကလေးလေးက ဘုရားနှင့်ကင်း၊
တရားဝေးသူ ရွာနေလူတို့၊
ကြည်ဖြူရွှင်ပျော် အရတော်အောင်၊
ကြံဆောင်စီစဉ် ကိုယ့်အိမ်တွင်ပင်၊
ရှစ်ထွေသီလ ခံယူကြကာ၊
နေ့လည်စာပေး ဖိတ်ကာကြွေးလျက်၊
တီဗွီစက်ဖြင့် ထိုက်သင့်တရား၊
နာကြားစေလို နာစေလို၏။…
တရားနာရင်း နားမရှင်းသူ၊
ထိုထိုလူများ တရားသားကို၊
သိလိုတစ်ဖန် မေးမြန်းပြန်က၊
ဘ၀တစ်ကွေ့ သူကြုံတွေ့ထား၊
သုတများနှင့် ဖြေကြားသည်မှာ၊ အခါခါတည်း။
 နည်းယူမကုန်၊ ဂုဏ်ယူထိုက်စွာ့ အဖွားဘ၀။…….


No comments:

Post a Comment