အဖွားရဲ့ ဘ၀နိဒါန်း
စာသင်စရာ ကျောင်းဆိုတာမရှိ။
ဆေးကုဖို့ရာ ဆေးခန်းဆိုတာ၊
ဘာခေါ်တာလဲ။
ဆရာမရှိ နတ္ထိဆေးခန်း ရွာဝင်လမ်းက၊
ယမ်းငွေ့ပြည့်လွှမ်း ကျည်ဆန်ပန်းတို့အောက်မှာ…..
တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ၊
ခုတ်ပိုင်းသတ်ကြ လုယက်ကြသော၊
စစ်မက်ဖြစ်သောအချိန်အခါ…….
အဲဒီအခါမှာ…အဖွားကိုမွေးခဲ့တယ်။………
လက်နက်အားကိုး လူဆိုးတစ်သိုက် လူမိုက်များကြောင့်၊
အဖွားခမျာ တွေ့ရာကောက်ထည့်(ထဲ့)၊
တောင်းနှင့်လူသာ သွားရာသယ်ပြေး၊
မြေအိုးလေးကို သားလိုသမီးအလား ရင်မှာထားလျက်၊
ညမနက်စာ ဟင်းမှာငပိ၊ ပန်းကန်မရှိ ခွက်မရှိပါ၊
ဝါးဆစ်သာလျှင် အိုးခွက်ပင်တည်း။
နေ့စဉ်ကြုံရ….အဖွားဘ၀။…..
တောမြိုင်ကိုဖြတ် ဖိနပ်မပါ ခြေဗလာနှင့်၊
ပြေးကာလွှားကာ စိတ်မှာမှန်းဆ၊
ဗုဒ္ဓဂုဏ်တော် ရွတ်သော်ဆိုမိ ဣတိပိက၊
ဗြောင်းတိဗြောင်းပြန် သေနတ်သံကြား၊
ပြားပြားဝပ်စင်း တောခြုံတွင်းမှ…အဖွားဘ၀။
သေနတ်သံတိတ် အိမ်ရိပ်အပြန်၊
ဝါးထရံကာ အိမ်မှာပြာပုံဖြစ်လျက်……။
ဖျင်ကြမ်းကိုဝတ် နှင်းမဆွတ်ဖို့၊
ပူလို့ဆိုပြီး ထီးမဆောင်းနိုင်၊
နိုင်လွန်ပိုးဖဲ ဘာလဲမသိ၊
သူ့ရှိသည်မှာ ဖျင်ကြမ်းသာ။
ဝတ်စရာဆိုလဲ တစ်စုံထဲသာ၊
လဲလှယ်စရာ မရှိပါဘဲ၊
တစ်စုံထဲသာ သူ့မှာဝတ်ရ အဖွားဘ၀။
အင်္ဂလိပ်ဆုတ် ဂျပန်ရှုပ်လာ၊
မိစ္ဆာသွေးစုပ် ငပုရှုပ်များ ထွက်ပြေးသွားပြန်၊
တစ်ဖန်အင်္ဂလိပ် ဆက်လက်နှိပ်စက် ထိုအခက်တွင်၊
လွတ်လပ်ချင်သူ တိုင်းသူပြည်သား၊
လူထုများလည်း အသက်ချင်းလဲချင်၊
တိုက်ပွဲဆင်ရ ထိုကာလ၀ယ်…..
မြန်မာ့တပ်မတော် အမည်ခေါ်ဆို၊
အောင်ဆန်းဗိုလ်ချုပ် တိုက်ထုတ်နယ်ချဲ့၊
လွတ်လပ်မဲ့အရေး သွေးစည်းဖွဲ့ထား၊
တိုင်းရင်းသားတို့ အားမာန်အပြည့်၊
အောင်ခဲ့၏။……
အဖွားပြောသည့်….တိုက်ပွဲအသိ။ ။
စစ်ကြောင့်ကွဲပြား ညီနောင်များကို၊
ချထားနေရာ သာယာရွှေပြည်၊
မြို့သစ်တည်ဖို့ စီစဉ်လို့သာ၊
ပြည်တော်သာစီမံကိန်း တွက်ကိန်းသေချာ၊
သို့ပါသော်လဲ ကွဲမြဲကွဲလျက်…။
စိုက်ပျိုးသီးနှံ ဆန်ရေစပါး၊
ဗူးသခွါးနှင့် လှုပ်ရှားစုပေါင်း၊
ပူးပေါင်းဆောင်ရွက် ပြည်သစ်တွက်မို့၊
အားတက်မာန်ကျိုး သယ်ပိုးကာစ ချိန်ကာလ…….။
No comments:
Post a Comment